မင်းဘ၀နဲ့ငါ့ဘ၀အကြား
ခြားနားချက်တွေကအများသားပဲ
ငါ၏စိတ်စေရာကိုအလိုလိုက်
အကြိုက်ဆောင်ပြီး
ဒီခြားနားချက်တွေကိုဂရုမမူ
မင်းနဲ့ဆက်နွယ်ခဲ့တဲ့
ငါ့ရဲ့အပြုအမူတွေကမှားနေသလား
စဉ်းစားသုံးသပ်ခဲ့ပေမယ့်
မှားလည်းမှားပါစေတော့ဆိုပြီး
ရှေ့ဆက်တိုးလို့ကျေနပ်နေခဲ့တယ်
ပြန်လည်စမ်းစစ်လိုက်တော့
ဒီအမှားဟာ
မှားပြီးရင်းထပ်မှားနေတဲ့
အမှားများဖြစ်နေတာကို
နောက်ကျမှသိလိုက်ရတော့တယ်
မချစ်ရ
Monday, December 14, 2009
ငါ၏စိတ်စေရာ
Posted by မချစ်ရ at 12:01 AM 5 comments
Labels: ပေါက်ကွဲခံစားမှုကဗျာ
Tuesday, November 10, 2009
အဖြေမှန်...ရလာဒ်

အပေါင်းနဲ့အနုတ် မှာ
မင်းကပေါင်းတာကို
ငါကနုတ်သွားခဲ့တယ်
အမြှောက်နဲ့အစား မှာ
မင်းကမြှောက်တာကို
ငါကစားသွားလိုက်တယ်
ညီမျှခြင်းတိုင်းမှာ
> ကြီးမားတဲ့အချစ်တွေကို
တဘက်သတ်ရယူချင်ခဲ့တဲ့ငါဟာ
မင်းကိုမညီမျှတဲ့အချစ်တွေပဲပေးခဲ့လိုက်တယ်
ရလာဒ်ကမင်းအတွက်အနုတ်
ငါ့အတွက်အပေါင်းလို့ထင်နေတဲ့မင်း....
အဖြေကိုသေချာမသိသေးတဲ့အတွက်
တကယ်တမ်းအဖြေရှာကြည့်လိုက်တော့
ငါ့ဘက်မှာလည်းမင်းထက်မနည်းတဲ့
အနုတ်လက္ခဏာတွေနဲ့ပါပဲ
မချစ်ရ
Posted by မချစ်ရ at 12:01 AM 13 comments
Labels: ပေါက်ကွဲခံစားမှုကဗျာ
Monday, August 24, 2009
အနာဂတ်မှာ..........
Posted by မချစ်ရ at 12:20 PM 4 comments
Labels: ပေါက်ကွဲခံစားမှုကဗျာ
Wednesday, July 29, 2009
တကယ်တော့

တကယ်တော့....
ဘာမှခံစားချက်မရှိတော့တဲ့
ရင်ခွင်ကိုပိုက်ပြီးနေနေရတယ်ဆိုရင်
မင်းယုံတယ်မဟုတ်လား
ခံစားနေရပါတယ်ဆိုရင်မယုံနိုင်မယ့်
မင်းအတွက်ငါ့မှာလည်း
ပြောစရာစကားမရှိတော့ပြီမို့
မင်းထင်သလိုပဲမခံစားရအောင်
ကြိတ်မှိတ်လုပ်ယူလို့
ကျင့်သားတောင်တော်တော်
ရနေပါပြီလေ....
ငါ..ကိုယ်တိုင်လည်း
လုပ်ယူနေရတဲ့ဘ၀ကို
တကယ်ငြီးငွေ့နေပါပြီ
မချစ်ရ
Posted by မချစ်ရ at 12:08 AM 4 comments
Labels: ပေါက်ကွဲခံစားမှုကဗျာ
Monday, July 20, 2009
ငါ့ရဲ့နောက်ဆုံး(၂)

ရင်မခုန်တတ်တဲ့အချစ်နဲ့ငါ့ဘ၀မှာ
မင်းကြောင့်မသိမသာလေးရင်ခုန်တတ်လာခဲ့တယ်
မင်းနဲ့တွေ့တိုင်းငါ့စိတ်တွေနူးညံ့လာခဲ့မိတယ်
မင်းရဲ့စကားသံတွေကြားတိုင်းတိတ်တိတ်ပြုံးနေတတ်မိတယ်
မင်းနဲ့ငါလမ်းခွဲကြမယ်ဆိုတိုင်း
တစ်ယောက်ယောက်ကအလျှော့ပေးလို့ပြန်ငြိတွယ်တတ်ခဲ့တယ်
ငါစိတ်ဆိုးတိုင်းမချော့တတ်တဲ့မင်းက
စိတ်ပြေစေအောင်လုပ်ပေးတတ်တယ်
ငါမင်းကိုအရွဲ့တိုက်တိုင်းမင်းကသိသိနဲ့ပဲ
မသိချင်ယောင်ဆောင်ခွင့်လွှတ်ပေးခဲ့တယ်
မင်းရဲ့သီချင်းသံတွေကမင်းကျေနပ်တဲ့
ငါ့ရဲ့နောက်ပြောင်မှုတွေဖြစ်လာခဲ့တယ်
မင်းဂရုစိုက်တိုင်းဘုဂလန့်လုပ်တတ်တဲ့
ငါ့ကိုမင်းကစိတ်ရှည်ခဲ့တယ်
ဒါပေမယ့်လည်း........
ငါ့ရဲ့နာကျည်းမှုတွေကမင်းနဲ့အပြီးတိုင်
လမ်းခွဲစေဖို့ဖြစ်လာလိမ့်မယ်လို့
ငါ..ဘယ်တုန်းကမှထင်မထားခဲ့မိပါဘူး
မချစ်ရ
Posted by မချစ်ရ at 10:04 AM 1 comments
Labels: ပေါက်ကွဲခံစားမှုကဗျာ
ငါ့ရဲ့နောက်ဆုံး(၁)

အရာအားလုံးဟာပျက်စီးဆုံးရှုံးသွားတော့
ငါ...နာကျည်းခဲ့ပြီပေါ့
မင်းအနားမှာငါနဲ့ပတ်သတ်တာ
ဘာမှမရှိစေချင်သလို
ငါ့ရဲ့ဝိညာဉ်တောင်မင်းအနားမှာ
ဖြတ်သန်းခွင့်ငါပေးတော့မှာမဟုတ်ဘူး
ငါရဲ့ကြိုးစားမှုနဲ့ရပ်တည်နေရတဲ့
ငါ့ဘ၀ကိုပျော်အောင်မင်းပဲလုပ်ပေးခဲ့တယ်
ခုတော့..မင်းပဲပြန်နှုတ်ယူသွားခဲ့တယ်
ရလာဒ်ထက်ဆုံးရှုံးမှုကပိုများနေလေတော့
ငါ..ရင်နာတယ်
ဘာကြောင့်လည်းဆိုတော့
ငါထင်မထားတဲ့မင်းဖြစ်နေတဲ့အတွက်ပဲ
မချစ်ရ
Posted by မချစ်ရ at 9:33 AM 1 comments
Labels: ပေါက်ကွဲခံစားမှုကဗျာ
Wednesday, June 3, 2009
အတ္တအချစ်(သို့) မင်းရဲ့အချစ်

မင်းနဲ့ငါ့အကြား
တားဆီးထားတဲ့အတားဆီးတစ်ခုကို
မင်းဘက်ကလည်းမဖျက်ဆီးနိုင်သလို
ငါ့ဘက်ကလည်းကျော်ဝင်လာမှာမဟုတ်ဘူး
ချစ်ပါတယ်ဆိုတဲ့စကားကိုလွယ်လွယ်မပြောသင့်ဘူးလို့
မင်းငါ့ကိုသတ်မှတ်သလိုပဲ
အသက်ပေးထားပြီးချစ်ပါတယ်ဆိုတဲ့စကားကိုလဲ
မင်းဘက်ကလွယ်လွယ်မပြောသင့်ဘူးလေ
တကယ်တော့ လူတိုင်းဟာအတ္တကြီးကြတာပါပဲ
ဒီသဘာဝကိုသိပြီးရက်နဲ့မင်းပြောတဲ့စကားတွေကို
ဇွတ်မှိတ်လက်ခံချင်ခဲ့တာငါပါ
အတ္တကြောင့်ချစ်တဲ့အချစ်ဟာလည်း
ပေးဆပ်အချစ်မဟုတ်သလို
အသက်ပေးလောက်အောင်ချစ်တဲ့အချစ်လည်း
မဟုတ်ဘူး..ဆိုတာကိုနားလည်ပါ
မချစ်ရ
Posted by မချစ်ရ at 12:14 PM 1 comments
Labels: ပေါက်ကွဲခံစားမှုကဗျာ





